Local News

မြန်မာ့ထုတ်ကုန်များကို E-Trade platform မှ တဆင့် နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်မည့် Myanmar Pavilion ဖွင့်လှစ်

Last Updated:

၂၀၂၀ ပြည့်နှစ်မှ စတင်ဖြစ်ပွားခဲ့သည့် Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာနိုင်ငံများ၏ ဈေးကွက်ရှာဖွေမြှင့်တင်မှုနှင့် ကုန်သွယ် ရောင်းဝယ်မှုပုံစံပြောင်းလဲလာခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် ပြောင်းလဲလာသောအခွင့်အလမ်းများနှင့် တီထွင်ဆန်းသစ်မှုများ ဖြင့် မြန်မာ့ထုတ်ကုန်များအား E-Trade platform မှ တဆင့် နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်မည့် Myanmar Pavilion ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့      ( Myantrade) က အာရှဒေသ၏ ဒုတိယအကြီးဆုံး B2B E-commerce Platform တစ်ခုဖြစ်သည့် ECPLaza(www.ecplaza.net) တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

Myanmar Pavilion ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တို့အကြား Virtual Launching ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာဘက်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOTRA) မှ Director Mr. Kaung Jun Kyung ၊ ECPLaza Network Inc ဥက္ကဋ္ဌ Mr. Inkyu Park နှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများက အဆိုပါ Platform တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြသည်။

Myanmar Pavilion ကို ကိုရီးယားနိုင်ငံမှ ECPLaza Network Inc နှင့် မြန်မာကုမ္ပဏီ Cyber King Co., Ltd တို့က နည်းပညာဆိုင်ရာများကို ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန်အမျိုးအစား (၁၀၀) ကျော်ပြသမည်ဖြစ်ပြီး မြန်မာကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ E-Trade Platform ကို အသုံးပြု၍ နိုင်ငံတကာဝယ်ယူသူများနှင့်တိုက်ရိုက် ဆက်သွယ် ရောင်းဝယ်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်စေနိုင်မည်ဖြစ်ပါသည်။

Category: Local News